ဟင်္သာတမြို့နယ်၌ ပဲပုပ်တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေး တောင်သူဆွေးနွေးပွဲပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် စပါးရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း စီမံကိန်း၏ ပဲပုပ်တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေး တောင်သူဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးများဖြစ်ကြသော ဦးသိန်းအောင်သန်းနှင့် ဦးထွန်းမြ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာ မာမာဝင်း၊ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့်ပြောင်း၊ နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦး၊ မြန်မာနိုင်ငံ ပဲပုပ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး(Myanmar Soy Development Group -MSDG)အဖွဲ့ဝင် ဒေါ်သဲအိဖြူ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်မှ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိများနှင့်  ဒေသခံတောင်သူများ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် ပြောင်း၊ နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပြည်တွင်း ပဲပုပ် ဈေးကွက်ရောင်းဝယ်မှု အခြေအနေမျာအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာမာမာဝင်းက ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ၊ ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် မဲခေါင်-လန်ချန်းစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာပေးသုတေသန လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းမြက မြန်မာနိုင်ငံ စားသုံးဆီနှင့် ပဲပုတ်ကြိတ်ဖတ်ဖူလုံရေးနှင့် ပို့ကုန် ၂ ဆ တိုးမြှင့် ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ ပဲပုပ်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး(Myanmar Soy Deve lopment Group-MSDG)အဖွဲ့ဝင် ဒေါ်သဲအိဖြူက ပဲပုပ်ဆီနှင့် ပဲပုပ်ကြိတ်ဖတ်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဆက်လက်၍ ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်က မဲခေါင်-လန်ချန်းစီမံကိန်း အစီအစဉ်ဖြင့် ပဲပုပ်တိုးချဲ့ စိုက်ပျိုးရေးအတွက် ပဲပုပ်မျိုး(ရေးဆင်း-၁၅) မျိုးစေ့များအား မြို့နယ်ဦးစီးမှူးများထံပေးအပ်ခြင်း၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောဝင်းရွှေက မြို့နယ်အတွင်း ပဲပုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေမျာအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ဒေသခံတောင်သူများမှ ဆွေးနွေးမေးမြန်းခြင်းအား တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)