ပခုက္ကူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီကို တစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်နှစ်ရာဖြင့် ဆက်လက်အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
“မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများကို ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများထံက အများဆုံးဝင်ရောက်လာကြောင်း၊ ကြက်သွန်နီများနေ့စဉ်ပျမ်းမျှပိဿာချိန် ၂၀၀၀၀ မှ ၃၀၀၀၀ခန့်အထိဝင်ရောက်ရာ လက်ရှိတွင် တစ်ပိဿာလျှင်ငွေကျပ် ၅၀၀မှ ၁၂၀၀အထိ ဈေးနှုန်းရရှိကြောင်း၊ ပြည်တွင်းဝယ်ယူစားသုံးမှုနှင့် ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချနိုင်မှုအခြေအနေတို့ပေါ် မူတည်ပြီး ကြက်သွန်ဈေးနှုန်းအတက်အကျရှိကြောင်း” ပခုက္ကူကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မြန်မာ့ထွက်ကုန်ကြက်သွန်နီသီးနှံများကို မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများ၌ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးရှိ ကျွန်းမြေနေရာတို့တွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများထံကိုလည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)