မြဝတီမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်/မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

မြဝတီ စက်တင်ဘာ ၂

ကရင်ပြည်နယ် မြဝတီခရိုင်မြဝတီမြို့ အမှတ်(၄)ရပ်ကွက် City  Home ခန်းမတွင် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက  ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်/မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို ခရိုင်/မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပဦးစီးရေးကော်မတီ နာယက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ နယ်မြေခံတပ်မတော်အရာရှိများ၊ ခရိုင်ရဲတပ်ဖွဲ့ရဲမှူး၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အမှတ်ပေး စည်းမျဥ်း စည်းကမ်းများကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက်ယှဥ်ပြိုင်သည်။

၂၀၂၅ခုနှစ် မြဝတီခရိုင်/မြို့နယ်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မြဝတီမြို့တွင် စက်တင်ဘာ ၂ရက်မှ ၃ ရက်အထိ အခြေခံအဆင့်ပြိုင်ပွဲများကို ယှဥ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ  ၁၂ ရက်မှ ၁၃ ရက်အထိ ဘားအံမြို့တွင် ပြည်နယ်အဆင့် ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)