ကလေးမြို့တွင် စက်ချုပ်နည်းပညာမွမ်းမံသင်တန်းနှင့် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ကလေး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်  ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းနှင့်  ချင်းရိုးရာလက်ရက်ကန်း  ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်းတွင် ကျင်းပခဲ့သည်။

ကလေးခရိုင် ကလေးခရိုင်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ချိုက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထိုက်တန်က ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းထူထောင်နိုင်ရန်လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့်   အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက စက်ချုပ်မွမ်းမံသင်တန်းအတွက် သင်တန်းသုံးပစ္စည်းများ၊ ရက်ကန်းမွမ်းမံသင်တန်းမှ ထွက်ရှိလာသည့် ကုန်ချောပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများထံ ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းနှင့် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု မွမ်းမံသင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများ၊ လှည့်လည်ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)