မင်းဘူး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းပူးဦးသြဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအားလုံးကို မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မင်းဘူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များရှိ အခြေခံပညာအဆင့်ကျောင်းများမှ အသက် ၁၀ နှစ်မှ ၁၅ နှစ်၊ ၁၅ နှစ်မှ ၂၀ နှစ်အတွင်းရှိ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ ဦးက ခေတ်ပေါ်တေး၊ ကာလပေါ်တေး၊ ကဗျာလွတ်၊ အဆို၊ ဆိုင်းတစ်ဦးချင်း၊ စန္ဒယား၊ တယောတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသူများက မကွေးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မောင်မောင်(မင်းဘူး)