ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ပလတ်စတစ်သုံးစွဲမှု လျော့နည်းပပျောက်စေရန် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်၍ ဈေးရောင်းဈေးဝယ်များနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်နှင့် ပလတ်စတစ်အမှိုက်များ လျော့နည်းပပျောက်စေရန် ဈေးရောင်းဈေးဝယ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသော ပလတ်စတစ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်၊ ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သော အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်၊ စက္ကူတို့ကိုအသုံးပြု၍ ထုပ်ပိုးရောင်းချကြရန်၊ ဈေးဝယ်လာပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ထည့်စရာတစ်ခုခုကို တစ်ပါတည်း ယူဆောင်လာကြရန်စသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလုပ်ငန်းများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် မြို့မဈေး အတွင်း၊ အပြင်ရှိ ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ဈေးရောင်းဈေးဝယ်ရာ၌ အသုံးပြုရန် အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်၊ စက္ကူတို့ကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)