ဘားအံ စက်တင်ဘာ ၂
ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြုလုပ်သည့် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဘားအံမြို့တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမ၌ စက်တင်ဘာ ၁ ရက်မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောသန်းချစ်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင်ပါဝင်သည့် အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့် ပတ်သက်သည့်အချက်များ၊ အီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံနှင့် မဲဆန္ဒရှင်တိုင်းရင်းသားများသိသင့်သိထိုက်သော အချက်အလက်များအား ပြောကြားသည်။
ယင်းနောက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းတို့မှ အသင်းသားတိုင်းရင်းသားများက အီလက်ထရောနစ်မဲပေးစက်အား လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)