တောင်ငူမြို့နယ်၌ ရေဘေးရှောင်စခန်း(၁၆)ခု ဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိ

တောင်ငူ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဩဂုတ် ၃၀ ရက်နေ့မှစတင်၍ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့ပြီး တောင်ငူမြို့၊ မြေနိမ့်ပိုင်းများရှိ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်များနှင့် မြစ်ကမ်းဘေးကျေးရွာများတွင် မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။

တောင်ငူမြို့၌ တောင်ငူခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့မှကြီးကြပ်၍ ယနေ့အထိ ရေဘေးရှောင်စခန်း (၁၆)ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု (၄၈၀)၊ လူဦးရေ (၂၀၇၁)ဦး ပြောင်းရွှေ့ပေးထားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ရေဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးထားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မိလ္လာကန်များ သန့်ရှင်း၍ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်စေရေး စစ်ဆေးခြင်း၊ ရေဘေးရှောင်ပြည်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့်ဆေးဝါးများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀)အထက်ရောက်ရှိနေပြီး ယနေ့နံနက်()နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၆၅၃)စင်တီမီတာရှိပြီး စစ်တောင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ထက် ဆက်လက်မြင့်တက်နိုင်ကာ မိုးဆက်လက်သည်းထန်စွာ ထပ်မံရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် မြစ်ကမ်းနံဘေးနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)