ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်း ဖွင့်လှစ်

ရွှေတောင် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကူကြီးဘုရားဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဲစုခိုင်စိုးက အီလက်ထရောနစ်မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက် (System Unit) များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)