ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မင်းနှင့်ဝန်ထမ်းများက  စားသုံးသူ ကာကွယ်ရေးဥပဒေပါအကြာင်းအရာများ၊ အွန်လိုင်းမှတ်ပုံတင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ Consumer Call Center (1535) သို့ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်းကြားနိုင်ခြင်း စသည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောကြရာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှုစွမ်းရည်အခြေအနေများမေးမြန်းကာ အဖြေမှန်ရရှိသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောင်းဝန်းအတွင်းမုန့်ဈေးတန်းများ၌ ရောင်းချသော စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိ၊ မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှုရှိ၊မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချထားမှုရှိ၊မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ဆက်)