ဒေးဒရဲမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/ ၂၀၂၅) ဖွင့်လှစ်

ဒေးဒရဲ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကိုအခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ရွာအခြေပြုမီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်များဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူတကွပါဝင်ဆောင်ရွက်သွားရမှာဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးကြိုးစားစား သင်ယူလေ့လာသွားကြရန်နှင့် သင်ယူခဲ့သောဘာသာရပ်များကိုအခြေခံပြီး မိမိရပ်ရွာဒေသမီးဘေးလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက အရန်မီးသတ်ဝတ်စုံများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရပ်ကွက်၊ ကျေးရွာများက အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး ရွေးချယ်စုဖွဲ့ထားပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် (၅)ဦးက စည်းကမ်းသေသပ်မှု၊ မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း