ကော့သောင်းမြို့တွင်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ကော့သောင်း  စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကော့သောင်းမြို့အောင်သုခရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ပြုလုပ်သည်။

အဆိုပါ အသိပညာပေးပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အသိပညာပေးဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ယင်း‌နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိက ပြောင်းလဲကျင့်သုံးမည့်ရွေးကောက်ပွဲစနစ် (MMP)၊ မဲပေးသည့်ပုံစံ (MEVM)နှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ (အပိုင်းလိုက်) တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းသိကောင်းစရာများ၊ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများအား မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)