ဘုတ်ပြင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်ဝင်းက သင်တန်းအဖွင့် အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူပေါက်ဖွားခဲ့သည့်တပ်ဖွဲ့ဖြစ်၍ ရှေးအစဉ်အလာကောင်းများကိုလည်း ထိန်းသိမ်းကာကွယ်ရင်း မိမိတို့လက်ရှိတာဝန်ဝတ္တရားတွေကို လူမှုရေးစိတ်ဓာတ်အပြည့်အဝနဲ့ ညီနောင်တပ်ဖွဲ့များ၊ အခြားသောဦးစီးဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းရည် (၄) ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်ရမှာဖြစ်ပြီး ပြည်သူများ၏အသက် အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတွေကို မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များမှ လွတ်ကင်းအောင် မီးသတ်တပ်ဖွဲ့၏ဆောင်ပုဒ်ဖြစ်သည့် သတိ၊ သစ္စာ၊ သတ္တိနှင့်အညီ သက်စွန့်ဆံဖျား ဆောင်ရွက်သွားစေလိုပါကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေး၏ အရန်အင်အားအဖြစ် အမျိုးသားရေးတာဝန်တွေကို ကျေကျေပွန်ပွန်ဆက်လက်ထမ်းရွက်စေလိုပါကြောင်း၊ နိုင်ငံတော်ကတည်ဆောက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးအခြေခံကောင်းတွေကို မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိအောင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာနှင့်အကြင်နာတည်းဟူသော နာ (၅) နာ ဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ဆောင်ရွက်သွားကြရင်း မီးသတ်သမားတစ်ဦး၏ စိတ်ဓာတ်ဖြင့်တဲ့ မီးမလောင် စေချင်သည့်စိတ်၊ လောင်နေသည့်မီးကို အမြန်ငြှိမ်းစေလို့သည့်စိတ်ကို အစဉ်မွေးမြူကြပြီး လိုက်နာကျင့်သုံးကြရန်ပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စာရေးကိရိယာနှင့် လေ့ကျင့်ရေးတူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်သည်။
သင်တန်းတွင် ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ၁ရက်မှ ၂၆ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)