ပေါက်ခေါင်းမြို့နယ်၊ အုတ်ပုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သွားဆရာ၀န်ဒေါက်တာရှိုင်းမင်းသန့်မှ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ကျောင်းကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့က အိုင်အိုဒင်းဆားသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးဆိုင်စစ်ဆေးခြင်း စနစ်မှန်လက်ဆေးနည်းသင်ကြားပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှုရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)