ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများဆောင်ရွက်

ကျိုက်လတ် စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ထားဝယ်မှိုင်းကျေးရွာအုပ်စု၊ ထားဝယ်မှိုင်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးမှုနှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (ကညင် ကျောင်းကျုံဖား၊ ကျုံဖားရေကျော်၊ သပြေချောင်း၊ ကျားကိုက်၊ ထားဝယ်မှိုင်း) ကျေးရွာအုပ်စုများမှ တက်ရောက်လာသည့်မဲဆန္ဒရှင်ပြည်သူ(၅၀၀) ဦးခန့်က မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)