စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှု ကြည့်ရှု

မုံရွာ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၅ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၈ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များမှ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များမှ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းများလောင်းလှူရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များမှ ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စားသုံးဆီနှင့် ဝတ္ထုငွေများအား ဆက်ကပ်လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ လယ်တီကျောင်းတိုက်ကြီးသို့ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္တဝံသဆရာ တောင်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ လှူ ဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ နိဂြောဒါရုံကျောင်းတိုက်ကြီးသို့ရောက်ရှိရာ ဘဒ္ဒန္တတေဇနိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများနှင့်အတူ ပင့်သံဃာဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မဏိရတနာပုံကျောင်းတိုက်ကြီးသို့ရောက်ရှိရာ ဘဒ္ဒန္တဝိသုဒ္ဓဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာဝန်ရှိသူများနှင့်အတူ ပင့်သံဃာဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် သဲဖြူဆရာတော်ကြီးအား အမှူးထား ၍အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွားရောက်ကြည်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲစိတ် လူနာများအား နေကာမျက်မှန်များနှင့် သောက်ဆေးများအား လိုက်လံပေးအပ်ကာ မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့ခင်းစာထမင်း၊ ဟင်းနှင့်သောက်ရေသန့်ဗူးများအား လိုက်လံပေးအပ်ခဲ့ကြသည်။

အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စီစမ်းသပ်ခွဲစိတ်ပေးခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော်စာရင်းပေးသွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်လူနာ-၆၇၀ ဦး၊ အကြီးစားခွဲစိတ်လူနာ-၅၄ ဦး၊ အသေးစားခွဲစိတ်လူနာ-၈ ဦးအား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ စမ်းသပ်ပြင်ပလူနာ-၁၉၉၂ ဦး၊ အကြီးစားခွဲစိတ်လူနာ-၁၅၁ ဦး၊ အသေးစားခွဲစိတ်လူနာ-၃၃ ဦးတို့အား စမ်းသပ်ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)