မြိတ်မြို့ အ.ထ.က (၁) ကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ၂၀၂၅- ၂ဝ၂၆ ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ ရွေးချယ်တင်မြောက်ခဲ့ကြပြီး ပညာရည်ချွန်ဆုပေးပွဲကို Grade-11 ကျောင်းသား/ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ထို့နောက် မြိတ်ခရိုင် ပညာရေးမှူး ဦးသန်းထိုက်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မွန်က အမှာစကားပြောကြားသည်။ ဆက်လက်၍ Grade-7 ကျောင်းသား၏ “ပုဂံတီးလုံး” အကနှင့် Grade-7 ကျောင်းသူ၏ “ကလက်စုံညီရှိခိုးချီ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်ဆုများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-4 မှ Grade-11 အထိ ပညာရည်ချွန်ဆုများ၊ သင်ကြားရေးထူးချွန်ဆုရရှိသော ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး Grade-11 ကျောင်းသား/ ကျောင်းသူများက “လမ်းပြကြယ်” သီချင်းဖြင့် သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)