ကြံခင်း စက်တင်ဘာ ၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများနှင့် ထူးချွန် အောင်မြင်စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “မြတ်သောပညာသီချင်း” ဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဌေးဌေးတို့က အသီးသီးဂုဏ်ပြုချီးမြှင့်စကားများ ပြောကြားကြသည်။ ဆက်လက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်ဆန်းဝင်းက မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ၍ ဂုဏ်ပြုချီးမြှင့်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားပြီး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မြို့နယ်ပညာရေးမှူး ဆရာမကြီးအား ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းအဆင့် ပထမဆုရရှိသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဝိဇ္ဇာတွဲဘာသာရပ်တွင် နိုင်ငံတော်အဆင့်တွင် အဆင့် (၆)ရရှိသူအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းကလည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူအား ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်အောင်ဝင်းက လည်းကောင်း၊ (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ (၃)ဘာသာဂုဏ်ထူး ရရှိသူ (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၂)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၄)ဦးတို့အား တစ်ဘာသာငွေကျပ် ၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများနှင့် ထူးချွန်အောင်မြင် အောင်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများ အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စုစုပေါင်းဆုချီးမြှင့်ငွေကျပ် တန်ဖိုး ၇,၈၄၀,၀၀၀/- ရှိ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ သိပ္ပံဘာသာရပ်တွင် တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသော (၆)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မနန်းစံပယ်ဖြူက ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းနားတွင် ပါဝင်ကူညီသီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အခမ်းအနားမှူးများအား တာဝန်ရှိသူများက ဂုဏ်ပြုငွေများပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ထူးချွန်ဆုရရှိကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)