ဟင်္သာတ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့တော်ခန်းမတွင် ခရိုင်အဆင့် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ် သဘင်နှင့် ဂီတအစည်းအရုံးမှ ဂီတဗိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အမှာစကားပြောကြာရာတွင် “ခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ အခြေခံပညာအဆင့်နှင့် အဆင်မြင့်ပညာအဆင့်ပြိုင်ပွဲများကို အဆင့်မီမီ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အရည်အချင်းပြည့်မီသူများကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ဆုရရှိသူများအနေဖြင့်လည်း မိမိတို့ကျောင်း၊ မိမိတို့မြို့နယ်ဂုဏ်ကို ဆောင်ခဲ့ကြသူများဖြစ်သကဲ့သို့ တိုင်းဒေသကြီးအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါတွင်လည်း ခရိုင်ရဲ့ဂုဏ်မြှင့်တင်နိုင်ရန်၊ မြို့နယ်မှသည် ခရိုင်အဆင့်၊ ခရိုင်အဆင့်မှသည် တိုင်းဒေသကြီးအဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံတော်အဆင့်ဆီသို့ တက်လှမ်းဂုဏ်ဆောင်နိုင်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အစွမ်းကုန်ဆက်လက်အားထုတ်ကြိုးပမ်းကြရန်၊ ဟင်္သာတခရိုင်အနေဖြင့် အစဥ်အလာမညံ့သော ဒေသကြီးတစ်ခုဖြစ်ကာ နိုင်ငံကျော် အနုပညာရှင်များများစွာပေါ်ထွန်းပြီး ဆိုင်းနှင့်ဂီတပညာမှာလည်း တိုးတက်ထွန်းကားသော ဒေသကြီးဖြစ်သည့်အတွက် ဟင်္သာတခရိုင်အနုပညာရှင်များရဲ့ အရည်အသွေးမညံ့ကြောင်းကိုပြသနိုင်ဖို့ ကြိုးစားပေးရန် "တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဆင့်မြင့်ပညာ (အမျိုးသား) အမျိုးဂုဏ်၊ ဇာတိဂုဏ်အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဇွဲဝေယံထက်၊ အခြေခံပညာ(၁၀-၁၅) အမျိုးသမီး ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဇလွန်မြို့နယ်မှ မအိမြတ်နိုးအောင်၊ အခြေခံပညာ (၁၀-၁၅) အမျိုးသမီး တယောအတီးပြိုင်ပွဲတွင် ပထမဆုရရှိသော ဇလွန်မြို့နယ်မှ နော်မူးအယ်ဖိုးနှင့် အခြေခံပညာ (၁၀-၁၅) အမျိုးသမီး ကဗျာလွတ် အကပြိုင်ပွဲတွင် ပထမဆုရရှိသော ဟင်္သာတမြို့နယ်မှ မယွန်းဟံသာနှင့် အဖွဲ့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်နှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာနှင့် အခြေခံပညာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ (၂၆) ကြိမ်မြောက် ဟင်္သာတခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော ဒိုင်ချုပ်၊ အကဲဖြတ်အမှတ်ပေးဒိုင်များနှင့် အခမ်းအနားမှူးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ဆုရရှိခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် ဟင်္သာတခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ဩဂုတ်လ ၃၀ ရက်နေ့တွင်ကျင်းပခဲ့ပြီး ဆုရရှိခဲ့ကြသူများအား ယနေ့တွင် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ပြိုင်ပွဲများအလိုက် ပထမဆု (၂၅)ဆု၊ ဒုတိယဆု (၅)ဆု၊ တတိယဆု (၃)ဆု နှင့် ဂုဏ်ပြုဆု (၄)ဆု၊ စုစုပေါင်း (၃၇)ဆု ချီးမြှင့်ခဲ့ကြောင်းသိရသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦး နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဇနီးများ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်များ၊ မိဘပြည်သူများ (၅၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)