ပုလော စက်တင်ဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မီးခိုးမြူငွေ့၏ ဆိုးကျိုးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပသည်။
ထိုသို့ အသိပညာပေးရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က မီးခိုးမြူငွေ့ဆိုသည်မှာ ဖုန်မှုန့်၊ ဓာတ်ငွေ့များဖြစ်ပြီး အများအားဖြင့်အနက်ရောင်(သို့) မီးခိုရောင်ရှိကြောင်း၊ မီးလောင်မှုမှ ထွက်ပေါ်လာသည့် မီးခိုးမြူငွေ့များသည် လူသားများနှင့် သတ္တဝါများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဆုလဲ့ယဉ်က မီးခိုးငွေ့သည် အသက်ရှု စနစ်များကို သက်ရောက်မှုရှိနိုင်ကြောင်း၊ မျက်စိယားယံခြင်း၊ လည်ချောင်းယာယံခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ နှလုံးနှင့်အဆုတ်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပြီး၊ ဆေးရုံဆေးခန်း တက်ရောက်ကုသရသည်အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ အသက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အတွက်ဆိုရင် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်းကို ဆွေးနွေးခဲ့ကြသည်။
အေးအေးမော်(ပုလော)