သရက်ချောင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မီးသတ်တပ်ဖွဲ့ဝင်များသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်းသိရှိတတ်မြောက်ထားရန် လေ့ကျင့်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာနှင့် အကြင်နာတည်းဟူသော နာ(၅)နာဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်မပြတ်ရန်အတွက်လည်း အစိုးရ၊ ပြည်သူတို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ရှင်းလင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်း အသုံးပြုနည်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပြီး သင်တန်းကို အရန်မီးသတ် အင်အား ၅၀ ဖြင့် စက်တင်ဘာ ၁ ရက်မှ ၂၅ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)