ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရတနာကျွန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးရှင်းလင်းပွဲတွင် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်း‌နောက် ကော့သောင်းခရိုင် ရွေးကောက်ပွဲအရာရှိက ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ် (MMP)၊ မဲပေးသည့်ပုံစံ (MEVM) နှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ (အပိုင်းလိုက်) တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းသိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျွန်းဝန်ထမ်းများ၊ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)