ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာ၊ ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။
ထိုသို့ ငါးမျိုးများစိုက်ထည့်ပေးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားတရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခလောက်ထောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ငါးခုံးမကြီးကောင်ရေ ခြောက်သောင်း၊ ငါးမြစ်ချင်းကောင်ရေ ငါးသောင်းစုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းတစ်သောင်းကို ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ငါးမျိုးစိုက်ထည့်ပွဲ(၇)ကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ ငါးသိန်းနှစ်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲ(၆)ကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ ငါးသိန်းနှစ်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် လျာထားချက်ကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကာ စိုက်ထည့်ပေးလိုက်သော ငါးမျိုးများသည် မြစ်ချောင်းအင်းအိုင်သဘာဝရေပြင်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက်ပွားကာ ဒေသခံပြည်သူများ အလွယ်တကူဖမ်းယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
ပြည်နယ်အတွင်း ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ဘေားလုံးအသင်း(၇)သင်း၊ အားကစားသမား ၁၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားကိုလေ့လာလိုက်စားခြင်းဖြင့် စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္ထ၊ မိတ္တ၊ ဘောဂ ဆိုသည့်ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံနှင့် ပြည်နယ်အတွက် အားကိုးအားထားထိုက်သော ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ ကျောင်း၊ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ် ၁၇၆၀၀၀ဝိ/- (တစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်းကျပ်)စီကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဖလားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံတက္ကသိုလ်ဘောလုံးအသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်ခဲ့ကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အဖွင့်ပွဲစဉ်အကောင်းဆုံးအားကစားသမားဆုရရှိသူအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)