ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အထည်ဆေးရေးနည်းနှင့် ပန်းချီပုံရိုက်အခြေခံသင်တန်းဆင်းပွဲပြုလုပ်

ပခုက္ကူ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအထည်ဆေးရေးနည်းနှင့် ပန်းချီပုံရိုက်အခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းမှတစ်ဆင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းထွက်ကုန်ချောပစ္စည်းများ ပေးအပ်ချီးမြင့်ကြရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမှုအပေါ် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး အထည်ဆေးရေးနည်းနှင့် ပန်းချီပုံရိုက်နည်းဘာသာရပ်များကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ