မင်းဘူး(စကု)မြို့နယ်၌ မိုးမြေပဲ (၉၁၁၆) ဧက စိုက်ပျိုးပြီးစီး

မင်းဘူး ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပြည်တွင်း စားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏ လယ်ယာမြေများတွင် မြေပဲ ၉၁၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တောင်သူများသည် မိုးမြေပဲကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများနှင့် ရောနှော၍ ပင်ကြား၊ တန်းကြားသီးညှပ် စိုက်ခင်းများဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ မိုးသီးနှံ မြေပဲကို မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် ဇူလိုင်လအတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါ မိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံများကိုလည်း ဆက်လက် စိုက်ပျိုးသွားမှာဖြစ်ပြီး၊ မြေပဲစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး ဒေသနှင့် ကိုက်ညီသည့် မြေပဲမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးခြင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် မိုးသီးနှံ မြေပဲကို (၁၇၀၅၀) ဧကလျာထား စိုက်ပျိုးရာ (၉၁၁၆) ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး ဆီထွက်သီးနှံ မိုးမြေပဲအပြင် နှမ်း၊ နေကြာတို့ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)