ငဖဲ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလနှင့်ဇွန်လအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဒါန်းကျေးရွာ အမှတ် (၂) အောင်ဓမ္မာရုံ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာနေထိုင်သည့် အိမ်ထောင်စုဝင်များအတွက် လူတစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လ ၃ လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သောထောက်ပံ့ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးလှိုင်က ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် လာရောက်ထုတ်ယူရာတွင် အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စသည့် လိုအပ်သောအထောက်အထားများ ကိုင်ဆောင်၍ ထုတ်ယူကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များက ငဖဲမြို့နယ်အတွင်း အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ နေထိုင်သည့် အိမ်ထောင်စု (၁၃၀) စုမှ ပြည်သူ (၅၅၈) ဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လအတွက် စုစုပေါင်းငွေကျပ် ၃၃၄၈၀၀၀၀ ကျပ်အား ယာယီနေရပ်စွန့်ခွာ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)