​​​​​​​ကြံခင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်တိုးစေရေးအတွက် တောင်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု

ကြံခင်း ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ မိုးစပါးပန်တိုင်အထွက်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေးဟောပြောခြင်းနှင့် တောင်သူများထံသို့ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များက ထန်းတစ်ပင်အုပ်စု၊ ရေဝန်ကြီးဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းညွှန်မှုဖြင့် တောင်သူများ ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်နှင့် သီးနှံပေါ်ပေး(အကြွေး)စနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အာမိုမာလ်တီပလ်စ်နှင့် ဖြိုးမောက်ယူရီးယားကို မြေဩဇာများကို ဝယ်ယူလိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများဖြင့် ချိပ်ဆက်ကာ မှာယူမှုအပေါ် မိမိတို့ကျေးရွာ/ အုပ်စုများအရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအဖွဲ့များက တောင်သူဦးကြီးများအပေါ် စေတနာမေတ္တာများဖြင့် ကူညီဆောင်ရွက်ပေးသည့်အတွက် တောင်သူများကလည်း ကျေးဇူးတုံ့ပြန်သောအနေဖြင့် မိုးစပါးအထွက်တိုးစေရေး ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်း ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဦးက မြေဩဇာများ စပါးစိုက်ပျိုးချိန်မှ သီးနှံပေါ်ချိန်အထိ အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက တောင်သူများအား ဓာတ်မြေဩဇာအိတ်များ အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးစေရေး၊ တောင်သူများကို ဆောင်းသီးနှံအဖြစ် ပဲပုပ်စိုက်ပျိုးစေရေး စည်းရုံးဟောပြောခဲ့ပြီး ဓာတ်မြေဩဇာဝယ်ယူတောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ပြီး နေအိမ်အရောက် မြေဩဇာအိတ်များ ပို့ဆောင်ပေးနေမှုအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)