ပခုက္ကူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာ၊ ပန်းပွားအကများ၊ Myanmar Fitness Dance အကများ၊ ကာယလေ့ကျင့်ခန်း အတွဲ (၁၊၂၊၃၊၄) အကများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ တတိယဗိုလ်လုပွဲအဖြစ် အ.ထ.က(၂)ကျောင်းနှင့် ဧရာဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် အ.ထ.က(၁)ကျောင်းနှင့် ပညာစိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၁)ကျောင်းက သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တာဝန်ရှိသူများက ပထမ၊ဒုတိယ၊ တတိယဆုနှင့် နေရာလိုက် အကောင်းဆုံး ထူးချွန်းဆုတံဆိပ်များ ပေးအပ်ချီးကြသည်။ အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၀ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း စုစုပေါင်း ၁၆ ကျောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)