ဇလွန် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား စျေးနှုန်းသက်သာသော သွင်းအားစု ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ၁၂ နာရီတွင် ကော့ကပ်ကျေးရွာအုပ်စု တောင်သူနည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများ အသုံးပြုပြီး မိုးစပါးအထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးနိုင်ကျော်စိုးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်လင်းထက်တို့က ဇလွန်အရောက်စျေးနှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျှင် (၉၂၀၀၀) ကျပ်နှုန်း၊ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာ တစ်မျိုးထည်းသုံးစွဲပါက နိုက်ထရိုဂျင် လေလွင့်ဆုံးရူံးမူပမာဏများပြားနိုင်သဖြင့် မဖြစ်မနေ သဘာဝမြေသြဇာသုံးဆနှင့် ရောစပ်အသုံးပြုရန်၊ ကွန်ပေါင်းမြေသြဇာအား မြေခံအဖြစ်အဖြစ် ထည့်သွင်းအသုံးပြုပါက ပိုမိုအကျိုးဖြစ်မည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက တောင်သူ (၆၀) ဦးအတွက် ဖြိုးမောက်ယူရီးယား ဓာတ်မြေဩဇာ (၄၃၇) အိတ်နှင့် ကွန်ပေါင်းဓာတ်မြေသြဇာ (၉၅) အိတ်တို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)