ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ဉီးစွာ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပုသိမ်ခရိုင်စီမံခန့်ခွဲရေး‌နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်လှစ်ပေးသည်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားများပြောကြားပြီး ပုသိမ်ခရိုင် စီမံခန့်ခွဲရေး‌နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ပုသိမ်ခရိုင်စီမံခန့်ခွဲရေး‌နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲများတွင် ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အခြေခံပညာ(၁၀-၁‌၅)၊(၁၅-၂‌၀)မဟာဂီတ၊ ခေတ်ဟောင်း/ ကာလပေါ်၊ ကဗျာလွတ်၊ တစ်ဦးချင်းအက၊ အရေး၊ စောင်း၊ စန္ဒယား၊ တယော၊ ပတ္တလား၊ ပုလွေ၊ အိုးစည်အဖွဲ့လိုက်၊ ဒိုးပတ်အဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ စောင်း/မဟာဂီတပညာရှင်နှင့် ခရိုင်မှ တစ်ထောင့်တစ်နေရာ ပါဝင်ကူညီခဲ့ကြသူများအား ပုသိမ်ခရိုင်စီမံခန့်ခွဲရေး‌နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကဗျာလွတ်အကပြိုင်ပွဲတွင် ပထမဆုနှင့် မြို့နယ်အလိုက် တံခွန်စိုက်ဆုရရှိသည့် ပုသိမ်မြို့နယ်အား ဆုဖလား၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)