ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် အောက်တိုဘာလပထမပတ်တွင် စတင်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအနေဖြင့် ပွင့်ဖြူမြို့နယ်မှာ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ်ထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ကွင်းဆင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုလားပဲသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံအထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ၊ သွင်းအားစုတွေ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးတာတွေကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ မျိုးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာတွင် ကုလားပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း - ၈၊ ရေဆင်း ၁၁ မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့အညီ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာနှင့် သွင်းအားစုများစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုလားပဲကို အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်သောကြောင့် ကုလားပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဆက်လက်ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)