အောင်လံမြို့နယ်တွင် ကော်မရှင်အဖွဲ့ခွဲမှ မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

အောင်လံ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကော်မရှင်အဖွဲ့ခွဲမှ တရော်ကုန်းရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက်များရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)၏ လုပ်ဆောင်ချက် (System Unit) များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(အောင်လံ)