ကျုံပျော် သြဂုတ် ၃၁
၂၀၂၅ ခုနှစ်၊ ကျုံပျော်ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ပြိုင်ပွဲအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ညီညီအောင်နှင့် အတွင်းရေးမှူး ရဲမှူးကြီး ခင်မောင်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိမ်းသိမ်းတတ်စေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူကြမည့် လူငယ်လူရွယ်များကို ယဉ်ကျေးမှု မပပျောက်အောင်၊ လက်ဆင့်ကမ်းအမွေပေးနိုင်အောင် တစ်နိုင်ငံလုံး လွှမ်းခြုံထိရောက်နိုင်မည့် ယခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အခြေခံပညာအဆင့် (၁၀-၁၅) အရေးပြိုင်ပွဲဝင် မမေမြတ်စည်သူ ရေးစပ်သီကုံးသည့် “ပညာလို အိုသည်မရှိ” တေးသီချင်းဖြင့် အဆို အကဲဖြတ်ဒိုင် ဒေါ်ဝင်းမြင့်နှင့် မခြူးမြတ်မိုးနွယ်တို့မှ ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး၊ တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် ကျုံပျော်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပရာ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ အခြေခံပညာအဆင့် အသက် (၁၀-၁၅) နှင့် (၁၅-၂၀) ပြိုင်ပွဲဝင်များက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်အဆို၊ တစ်ဦးချင်းအက၊ အဖွဲ့လိုက် ကဗျာလွတ်အက၊ အရေးပြိုင်ပွဲ၊ ပတ္တလားနှင့် အိုးစည်အဖွဲ့လိုက် ပြိုင်ပွဲတို့အား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဘာသာရပ်အလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲသို့ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)