တောင်ငူ သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယနေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
တောင်ငူမြို့၊ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်များနှင့် မြစ်ကမ်းဘေးရှိ ကျေးရွာမြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များက စစ်တောင်းမြစ်ရေဝင်ရောက်မှုအခြေအနေနှင့် ရေဘေးရှောင်စခန်းများ စီစဥ်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆန်၊ဆီ၊သောက်ရေသန့်နှင့် စားသောက်ဖွယ်များ အဆင်သင့်ထားရှိရန် တာဝန်ရှိသူများအား မှာကြား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
မြန်မာပြည်အနှံ့အပြားနှင့် တောင်ငူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ရောက်ရှိနေပြီး ယနေ့နံနက် (၉) နာရီအချိန်တွင် စိုးရိမ်ရေအမှတ် (၆၄၄) စင်တီမီတာရှိပြီး စစ်တောင်းမြစ်ရေသည် မိုးဆက်လက်သည်းထန်စွာ ထပ်မံရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ်ဖြစ်ပေါ်နိုင်သောကြောင့် မြစ်ကမ်းနဘေးနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)