ရွှေတောင် သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားရှိသည့် ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာ အိုးထိမ်းကုန်းအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာ ကွင်းအမှတ် (၄၂၂ B) နတ်ရေကန်ကွင်းအတွင်းရှိ တောင်သူ ဒေါ်စန်းစန်း စိုက်ပျိုးထားရှိသည့် မိုးစပါး ရတနာတိုးလယ်မြေ (၅.၀၀)ဧကတွင် ယူရီးယားဓာတ်မြေသြဇာကြဲပက်နေမှု အခြေအနေများ၊ နွားခြံကုန်းအုပ်စု၊ ရွာသာယာကျေးရွာ၊ ကွင်းအမှတ် (၄၄၀) ရွာသာယာကွင်းအတွင်းရှိ တောင်သူဦးတင်ကြည် စိုက်ပျိုးထားရှိသည့် မိုးစပါး (မှော်ဘီ-မှော်ဘီ၂) (၄.၀၀)လယ်မြေတွင် ယူရီးယားဓာတ်မြေသြဇာကြဲပက်နေမှုအခြေအနေများ၊ နွားခြံကုန်းအုပ်စု၊ ရွှေကျွန်းသာယာကျေးရွာ ကွင်းအမှတ် (၄၅၉ A) ရှမ်းကုန်းကွင်းအတွင်းရှိ တောင်သူ ဦးမြင့်ကြည် စိုက်ပျိုးထားရှိသည့် မိုးစပါး(အောင်နိုင်တိုး) (၅.၀၀) ဧကတွင် ယူရီးယားဓာတ်မြေသြဇာ ကြဲပက်နေမှုအခြေအနေများ၊ နွားခြံကုန်းအုပ်စု၊ ကံပေါက်ကုန်းကျေးရွာ ကွင်းအမှတ် (၄၅၈) ညီအမကွင်းအတွင်းရှိ တောင်သူ ဦးမြင့်အေးစိုက်ပျိုးထားရှိသည့် မိုးစပါး (ဗီယက်နမ်) လယ်မြေ (၃.၀၀) ဧကတွင် ယူရီးယားဓာတ်မြေသြဇာ ကြဲပက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်စုကျေးရွာများရှိ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည့်သွင်းအားစုများ စနစ်တကျထည့်သွင်းရေး၊ ပေါင်းမြက်ရှင်းလင်းရေးနှင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတို့အား အချိန်မှီစနစ်တကျသုံးစွဲစေရေးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများဖြင့် တောင်သူအသိပညာပေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)