မင်းလှ ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှုးဝင်းပိုင်က အမှာစကားပြောကြားပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းနိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း၊ မူးယစ်ဆေးဝါးများ၏ အန္တရာယ်ဆိုးကျိုးများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပေါက်စ(မင်းလှ)