မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယနေ့ မျက်စိဝေဒနာရှင် (၇၂၃)ဦးအား အခမဲ့ စစ်ဆေးကုသပေး

မုံရွာ ဩဂုတ် ၃၀

သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၉.၈.၂၀၂၅) ရက်နေ့မှ စတင်၍ (၂.၉.၂၀၂၅) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ သတ်မှတ်သည့်ရက်အလိုက် လာရောက်ပြသ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဩဂုတ်လ ၃၀ ရက်နေ့ ဒုတိယနေ့တွင် မျက်စိဝေဒနာရှင် (၇၂၃)ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယနေ့တွင် မျက်စိဝေဒနာရှင် (၇၂၃)ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်နေမှုနှင့် ခွဲစိပ်ရမည့် မျက်စိဝေဒနာရှင်  လူနာနှင့်အတူ လူနာစောင့် (၁)ဦးတို့အား တည်းခိုနေထိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးနေမှုတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးပြီး စားသောက်နေထိုင်ရေးအတွက် ‌လိုအပ်ချက်မရှိအောင် ထမင်းဘူးများ၊ ချိုရည်များ၊ ရေသန့်ဘူးများကို အားလုံးပူးပေါင် အခမဲ့ဖြန့်ဝေ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍လည်း သတ်မှတ်ရက်များအတွင်း ကျန်ရှိအမည်စာရင်းပေးသွင်းထားသော မျက်စိဝေဒနာရှင်များအားလုံးကို  အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ခွဲစိပ်ရန်လိုအပ်မည့် မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိပ်ကုသပေးမည်ဖြစ်ကြောင်း၊ နေထိုင်စဉ်အချိန်ကာလအတွင်း စားသောက်နေထိုင်ရေးအခမဲ့ ကျွေးမွေးဧည့်ခံပေးမည်ဖြစ်ကြောင်း မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)