ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၇၅ ဒသမ ၀၄၈ သန်းဖြင့် တင်ဒါအောင်မြင်သော သင်္ဂဟအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်း အရှည် ၄ ဖာလုံအား လမ်းအကျယ် ၁၂ ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၆၉ ဒသမ ၁၈၇ သန်းဖြင့် ညောင်ပင် - သမော်အင်းကျေးရွာချင်းဆက်လမ်း အရှည်တစ်မိုင်အား လမ်းအကျယ် ၁၈ ပေ၊ အမြင့်ဒုရှစ်လက်မ မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂၀ သန်းဖြင့် တင်ဒါအောင်မြင်သော ထားပိုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း အရှည် ၂ ဒသမ ၆၂ ဖာလုံ၊ လမ်းအကျယ် ၁၄ ပေ ၊ အမြင့်ဒုခုနှစ်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးရေးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ တစ်ရွာနှင့်တစ်ရွာ အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေများမှထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)