ညောင်လေးပင် ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် (၈) နာရီအချိန်က ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၌ ရဟန်း၊ ရှင်၊ လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါ၊ ကလေး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ သွားနှင့်ခံတွင်း၊ အရိုး၊ အရေပြား၊ ဓါတ်မှန်စသည့်ဘာသာရပ် (၁၀)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်း ချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများ တိုးချဲ့ကာ ကျေးလက်ဒေသများအထိ ကွင်းဆေးဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆေးဆေးကုသမှုများပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ပဲခူးမြို့ခုတင် (၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ၊ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာတို့က လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး ညောင်လေးပင်မြို့နယ် ဆေးရုံနယ်မြေအတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာများမှ ရဟန်း၊ ရှင်၊ လူပြည်သူစုစုပေါင်း (၁၆၈၆) ဦး လာရောက်ပြသခဲ့ကြရာ အဆိုပါလူနာများထဲမှ အထွေထွေရောဂါလူနာ(၄၆၁)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၄၉)ဦး၊ ကလေးရောဂါလူနာ(၄၁)ဦး၊ မျက်သိရောဂါလူနာ (၄၁၆)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ (၈၂)ဦး၊ ခွဲစိတ်ရောဂါလူနာ(၉၂)ဦး၊ အရေပြားရောဂါလူနာ(၁၄၈)ဦး၊ အရိုးရောဂါလူနာ(၂၅၁)ဦး၊ နားနှာခေါင်းလည်ချောင်းရောဂါလူနာ(၆၆)ဦးနှင့် ဓါတ်မှန်လူနာ(၈၀)ဦးတို့အား ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ပြီး ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့လူနာ (၅၉)ဦးနှင့် အသေးစားခွဲစိတ်မှု (၄)ဦး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)