ငွေဆောင် သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် (၄.၈.၂၀၂၅) ရက်နေ့မှ (၂၈.၈.၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ် Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်တာဝန်ခံများနှင့် မန်နေဂျာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းသင်ကြားပို့ချနေမှု video clip အား ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်း တက်ရောက်ပြီးစီးခဲ့သော သင်တန်းသားများအတွက် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄)မျိုးကို ငွေဆောင်ဟိုတယ်ဇုန်၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်များမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
R - 014( ငွေဆောင်)