မြောင်းမြ သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာမမစန္ဒာရေးသားသည့် အရိပ်ဝတ္ထစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးရာတွင် ရှေးဦးစွာ Book Club အဖွဲ့နာယကဆရာကြီး ဦးခင်စိုးကအဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက် လက်၍ Book Clubအဖွဲ့ ဥက္ကဋ္ဌဦးညီညီဌေး( စာရေးဆရာနေခြည်မောင်-မြောင်းမြ)က " ဦးဆောင်ဆွေးနွေးခဲ့ရာ"၊ Book Club အဖွဲ့ဝင်များ ဖြစ်ကြသည့် မဇူးပြည့်ပြည့်ကျော်၊ မောင်မင်းစိုးစံ၊ မထက်ရတနာတို့ကဆွေးနွေးကြပြီး တက်ရောက်လာကြသူများကစာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအားအပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များစာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့စာဖတ်ဝိုင်းသို့ မြောင်းမြပညာရေးဒီဂရီကောလိပ်မှသင်တန်းသူ၊ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့သည်။
အောင်ဖြိုး (မြောင်းမြ)