ကျိုက်လတ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ဩဂုတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် သင်တန်းနည်းပြများက မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ မီးဖွားရန်ပြင်ဆင်ခြင်းများ၊ နေ့စဥ်စားသောက်မှုပုံစံများ၊ အာဟာရပြည့်ဝစေသော အစားအသောက်များ စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပို့ချပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်