ဖျာပုံ သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက MCCT အစီအစဥ် အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာအတွင်း အာဟာရအသိပညာပေး ရရှိလိုသည့်သူများအား ဟောပြောပွဲများ လက်ဆင့်ကမ်းပြန်လည် ပို့ချနိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းတွင် သင်တန်းဆရာမအဖြစ် ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နီနီမြင့်က မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုပေးခြင်း၊ မီးဖွားရန်ပြင်ဆင်ခြင်းများ၊ နေ့စဥ်စားသောက်မှုပုံစံများ၊ အာဟာရပြည့်ဝစေသော အစားအသောက်များ စသည်တို့ကို သင်ကြားပို့ချပေးရာ မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာသင်ယူ ကြသည်။
အဆိုပါ သင်တန်းသို့ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)