ဒေးဒရဲ သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများရရှိစေရေးနှင့် လူသားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က လူသားဘဝအစ ရက် (၁၀၀)ကာလ အတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများရရှိစေရေး၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရေး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများအား ငွေကြေးချီးမြှင့်ခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ပေးအပ်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၁၃၆)ဦး၊ ကလေး (၂၆၉၆)ဦး စုစုပေါင်း (၃၈၃၂)ဦးအား ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိပြီး ယခုသင်တန်းမှရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ပြည်သူများအား ထပ်ဆင့်မျှဝေပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က အာဟာရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုဆိုင်ရာများအား ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် မူလတန်းကြိုကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
အေဇာလင်း