၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ပဲခူး ဩဂုတ် ၃၀

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲအသင်းများက အသင်းလိုက်မိတ်ဆက်ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုကဲ့သို့ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိသည့် အားကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ်ခွင့်ရရှိနိုင်စေခြင်း၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိနိုင်စေခြင်းနှင့် ဒေသအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ယဉ်ကျေးမှုဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများကို လေ့လာခွင့်ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းသည် နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်မှု၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အပေးအယူမျှတမှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝဖို့လိုသည့် အားကစားနည်းဖြစ်သည့်အပြင် ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီ လိုက်နာပြီး မိမိတို့၏ ပင်ကိုယ်အရည်အသွေး၊ ဖြတ်ထိုးဉာဏ်အပေါ် လျှပ်တစ်ပြတ်အသုံးချ၍ ယှဉ်ပြိုင်အနိုင်ယူကစားရသည့် ကစားနည်းတစ်ခုဖြစ် မိမိတို့ ကိုယ်စားပြုသည့် တိုင်းဒေသကြီး/ပြည်နယ် အောင်နိုင်ရေးအတွက် ကြိုးစားသွားကြစေလိုကြောင်းနှင့် ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံး စိတ်ချမ်းသာပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အဘက်ဘက်မှ ပြည့်စုံကောင်းမွန်စွာစောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ပြိုင်ပွဲဝင်အသင်းများမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများအား လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးကအိမ်ရှင်အဖြစ် စက်တင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ လက်ခံကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  အမျိုးသား (၁၀)သင်း၊  အမျိုးသမီး (၇)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)