ပဲခူး ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေဿကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ညွန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် နေပြည်တော်ဒေသတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ပြီး ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်အတွင်းသို့ စီးဝင်းလာပါက ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်တို့တွင် မြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ မြစ်ရေကြီးမှု ကြိုတင်သတိပေးခြင်းနှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေး ကာလမ်းနှင့်ရထားလမ်းဘေး တရားမဝင်ကျူးကျော်မှုများ၊ တရားမဝင်လမ်းကူးများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်လမ်းဧရိယာအား အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး ယခင်နှစ်၏ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအတွက် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာတက္ကသိုလ်များနှင့် ချိတ်ဆက်၍ အမြန်ဆုံးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသအထိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေး ကျေးလက်ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံများအထိ ဆရာ/ဆရာမ၊ ဆေးဝါးပြည့်စုံမှုရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအဖြစ် သတ်မှတ်ထားသည့် ဧရိယာအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် တရားမဝင်ကျူးကျော်မှုများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဖယ်ရှားသွားရမှာဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားသည့် ဘာရပ်အလိုက် ဆရာ/ဆရာမများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်နှင့် ကျွမ်းကျင်ရာနယ်ပယ်အလိုက် သင်ကြားသူများဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ မြို့/ရွာများ သန့်ရှင်းသာယာလှပစေရေးနှင့် အပန်းဖြေရန်နေရာများတွင် ကိုယ်လက်လှုပ်ရှားအားကစားပစ္စည်များ ထားရှိသွားရမှာဖြစ်ကြောင်း၊ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆည်ရေနှင့် ချောင်းပိတ် မြောင်းပိတ်နည်းလမ်းတို့ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးများသည့်ဒေသများရှိ ဆည်း/တမံများ၏ ကြံ့ခိုင်မှုများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းများ၊ ရေကင်းချထားခြင်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် သယံဇာတထုတ်ယူမှုမရှိစေရေး တားဆီးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြဆေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လမ်းညွှန်ချက်များပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများပေါ် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)