မြဝတီမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြဝတီ သြဂုတ် ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး”ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေသဲက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနကပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ vedio clip ၂ ခုကို ပရိုဂျက်တာဖြင့် အသိပညာပေးပြသခဲ့သည်။

ထို့​နောက် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အောင်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိနန်းအိမ်သူထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း​ဥက္ကဋ္ဌ ဒေါ်မေသဲ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြည်ကြည်စိန်တို့က ဆက်သွယ်ရေးလိမ်လည်မှုအမျိုးအစားများ၊ online media ဖြင့် အမည်အမျိုးမျိုး၊ account အမျိုးမျိုးသုံးကာ လိမ်လည်ခဲ့မှုဖြစ်စဉ်များ၊ လောင်းကစားမှုနှင့် လူကုန်ကူးမှု၊ လိမ်လည်မှုဆိုင်ရာများနှင့်ဆက်စပ်သည့် ဆက်သွယ်ရေးလိမ်လည်မှုဖြစ်စဉ်များ၊ လူမှုပတ်ဝန်းကျင်၌ ကြုံတွေ့ရသည့်အကြောင်းအရာများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သတိပြုဆင်ခြင်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများနှင့် အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ရန်နှင့် အတွေးအခေါ်ရင့်သန်စေရန်အတွက် စာပေဗဟုသုတများ ဖတ်ရှုလေ့လာရမည့်နည်းလမ်းများ စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး video ၂ ခု ကို ပရိုဂျက်တာဖြင့် ပြသခဲ့မှုနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)