ထားဝယ် ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်ဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အမျိုးသမီးရှေ့တန်းအကောင်းဆုံးဆုရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းမှ မယွန်းဝတီနိုင်၊ အမျိုးသားရှေ့တန်းအကောင်းဆုံးဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအသင်းမှ စောကူပွေးဒို၊ အမျိုးသမီးအလယ်တန်းအကောင်းဆုံးဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအသင်းမှ မသက်မွန်မြတ်၊ အမျိုးသားအလယ်တန်းအကောင်းဆုံးဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းမှ မောင်ရဲထွန်းနိုင်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အမျိုးသမီး နောက်တန်းအကောင်းဆုံးဆုရရှိသည့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းမှ မခင်သီစိုးဝင်း၊ အမျိုးသားနောက်တန်းအကောင်းဆုံးဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းမှ မောင်စီစန်းဟုတ်၊ အမျိုးသမီးဂိုးအကောင်းဆုံးဆုရရှိသည့် မဟာရွေဂုဏ်ထူး၊ ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းမှ မအိခိုင်ဖြိုး၊ အမျိုးသားဂိုးအကောင်းဆုံးဆုရရှိသည့် အမှတ်(၂)အခြခံပညာအထက်တန်းကျောင်းအသင်းမှ မောင်ဇွဲမြတ်အောင်၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းမှ မအိမြတ်နိုး၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းမှ မောင်ဝင်းမင်းခန့်တို့အားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး မင်းမင်းလတ်က အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု အသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)