ကျိုက်လတ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသေးစား စက်ရုံ၊ အလုပ်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် ဝန်ထမ်းများက အသေးစားစက်ရုံ၊ အလုပ်ရုံများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှု ရှိ၊ မရှိနှင့် မီးသတ်ဆေးဘူးသုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန်၊ မီးသတ်ရေလှောင်ကန်များထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့အကူအညီတောင်းခံကြရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်များ လျှောက်ထားရယူသွားရန် စသည့်မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များအား အကြံပြု ညွှန်ကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်