တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၃၀

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဗလငါးတန်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဦးစွာ ဆရာ/မများက "ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်"သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သုတေသနစကားရပ်သည် ပါဠိဘာသာစကားမှဆင်းသက်လာပြီး သုတ(အကြားအမြင်)နှင့် ဧသနာ(ရှာမှီးခြင်း)တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ကာ အင်္ဂလိပ်ဘာသာစကားဖြင့်ဆိုပါက "Research" ဖြစ်ပြီး" ရှာဖွေခြင်း"ဟု အဓိပ္ပါယ်ရကြောင်း၊ ထို့ကြောင့် သုတေသနဆိုသည်မှာ အသိပညာများကို ရှာဖွေဖော်ထုတ်ခြင်းဟု ယေဘုယျအားဖြင့် မှတ်ယူနိုင်ကြောင်း၊ သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိကြသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့ယူစာတမ်းပြုစုရာတွင် ဒေသ၏စိုက်ပျိုးရေး၊ လူမှုရေး၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ စသည့် ကဏ္ဍအသီးသီးကို သုတေသနပြုလုပ်ခြင်းအားဖြင့် အကြောင်းအရာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် နှံ့စပ်စွာသိစေသည့်အပြင် ကိုယ်ပြုလုပ်လိုက်သော သုတေသနသည် ဒေသဖွံ့ဖြိုးရေးတွင် အထောက်အကူပြုပေးနိုင်ကြောင်း၊ သို့မှသာ ကျောင်းသား၊ ကျောင်းသူများ ဘွဲ့ရပြီးသွားချိန်တွင် သက်ဆိုင်ရာ ဘာသာရပ်ကို ကောင်းစွာနားလည်သဘောပေါက်ကာ သုတေသနလုပ်ဆောင်နိုင်သော စွမ်းရည်များရရှိလာပြီး အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ဒေသအလိုက် လူမှုရေး၊ စီးပွားရေး၊ စက်မှုနည်းပညာ နယ်ပယ်အသီးသီးကို ပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း၊  နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးနယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို စာတွေ့သာမက ကွင်းဆင်းလေ့လာသုတေသနပြုလုပ်ကြပြီး လက်တွေ့နယ်ပယ်နှင့်ပေါင်းစပ်ကာ ဒေသအကျိုးပြု အသုံးချသုတေသနများကို အကျိုးဖြစ်ထွန်းအောင် ပြုလုပ်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ထားဝယ်ရိုးရာ ရေအိုးရွက်အကဖြင့် ကပြဖျော်ဖြေပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူများက အုပ်စုများဖွဲ့၍ သုတေသနစာတမ်းများဖတ်ကြားကာ အကဲဖြတ်ဒိုင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးကြပြီး ကျောင်းသား/သူများက ကရင်ရိုးရာဝါးထောက်အကဖြင့် ကပြဖျော်ဖြေသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေပေးသော အဖွဲ့များနှင့် သုတေသနစာတမ်းတွင် ပါဝင်ယှဉ်ပြိုင်သော အဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး သုတေသနစာတမ်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အဖွဲ့များအား ဆုချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများက သုတေသနစာတမ်းတွင် ပါဝင်ယှဉ်ပြိုင်သောအဖွဲ့များ၊ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများနှင့် World Tourism စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)